အနန်းကွင်းစစ်ရှောင်များ စိတ်ဖိစီးမှု ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်။ 

ကရင်ပြည်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ အနန်းကွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေကြသည့် ဒေသခံ ပြည်သူများသည် စိုးရိမ်ကြောက်လန့်မှုနှင့် စိတ်ဖိစီးမှုများကို ခံစားနေရသည်ဟု အကူအညီပေးနေသူများက ပြောသည်။

အနန်းကွင်း တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများထဲမှ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အများဆုံး ခံစားနေကြရသည် ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ပြောသည်။

၎င်းက “ကလေးသူငယ်တွေ အများစုနဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့ ပြတ်လပ်တာတို့ စိတ်ဖိစီးမှု ကြောင့် ဖြစ်လာတဲ့ ရောဂါတို့ ဥပမာ အမျိုးသမီးတွေမှာဆိုရင် စိတ်ဖိစီးမှုဖြစ်တဲ့ ဟာတွေက ပိုများလာတယ်။ ကလေးတွေမှာ ဆိုလို့ရှိရင် သိသာတယ်။ သူတို့ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်လာတာ၊ သူတို့ ဘဝတစ်သက်တာ မှာ တစ်ခါမှ မမြင်ဖူး မကြားဖူးတဲ့ အသံတို့ မြင်ကွင်းတို့ကို တောက်လျှောက် မြင်တွေ့ရတဲ့ အခါ Secondary trauma တွေ ဖြစ်လာတဲ့ အရိပ်လက္ခဏာတွေ ရှိလာတယ်” ဟု ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက အနန်းကွင်းကျေးရွာရှိ စစ်ကောင် စီတပ်၏ အနန်းကွင်းဗျူဟာကုန်းကို ဩဂုတ်လမှစတင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်၍ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ကာလကြာလာသည်နှင့်အမျှ ဒေသခံများသည် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများကိုလည်း ကြုံတွေ့ခံစားနေရသည်ဟု ဆိုသည်။

ထို့ကြောင့် လက်ရှိ မြေပြင် အခြေအနေများအရ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေကြရသည့် ဒေသခံ ပြည်သူများအတွက် ကူညီပံ့ပိုးမှုများကို ယခင်ကထက် ပိုပြီးလုပ်ဆောင်ပေးရန် အထူးလိုအပ်သည်ဟု နိုင်အဲမွန် က ပြောသည်။ 

ကုသပြုစုဖို့၊ တစ်ခြား ငတ်မွတ်ခေါင်းပါးမှု ကိစ္စတွေကို သက်သာရာ ရဖို့ဆိုတာက အများကြီး လုပ်ရမှာ ရှိ တယ်။ လောလောဆယ်ကတော့ စားနပ်ရိက္ခာ လိုတယ်။ နောက်တစ်ခုက ဆေးဝါးတစ်ချို့ လိုတယ်။ အရင်တုန်း ကလိုမျိုး ဆိုရင် အိုးအိမ် စွန့်ခွာပြီး ဥယာဉ်ခြံထဲမှာ ဒါမှမဟုတ် တောထဲမှာ နေလို့ ရသေးတယ်။ အခုက အဲ့ဒီ နေရာမျိုးတွေ မှာတောင်မှ စကစရှိတဲ့ နေရာတွေ တော်တော်များများမှာ သူက မှိုင်းထောင်ထားတဲ့ ဟာမျိုးတွေ ရှိတယ်။ ဆိုမိုင်းထောင်တာက ၃-၄ ကြိမ်လောက် ပေါက်ကွဲနေပြီးတဲ့ နောက်ပိုင်း ပြည်သူတွေက သိပ်ပြီးတော့ မသွားလာ ရဲတော့ဘူး။ အဲ့ဒီ အခြေအနေတွေ သွားရှိနေတယ်။ နေရာထိုင်ခင်းကြတော့ ကိုယ့်အချင်းချင်းမှာ ဖက် ရှိရင် ဖက်၊ ဝါးရှိရင် ဝါး၊ သစ်ရှိရင် သစ်၊ နေရာတစ်ခုကို ရောက်လို့ ရှိရင်တော့ ဝိုင်းပြီး ကူကြတာ တွေ့ရတယ်။” 

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများက ပြည်သူများသည်  စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် မီးရှို့ဖျက်ဆီး မှုတို့ကြောင့် ၎င်းတို့၏ နေအိမ်များ ထိမှန်ပျက်စီးခဲ့ရပြီး မိသားစု ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရသည့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ လုပ်ငန်းများနှင့် အငန်းအတာများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

ထို့အပြင် ဒေသအတွင်းက မြေပြင်တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက် ကြီး ပစ်ခတ်မှုများနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာမှုတို့ကြောင့် မကြာခဏ နေရာပြောင်း ထွက်ပြေးတိမ်း ရှောင်ရခြင်း၊ နေထိုင်စား သောက်ရန် ခက်ခဲလာခြင်း၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ ပြဿနာများကို ကြုံတွေ့ လာခဲ့ကြသည်။

အဆိုပါ အခြေအနေများကြောင့် စစ်ဘေးရှောင်များသည် နေ့စဉ်နှင့် အမျှ ကြောက်လန့်စိတ်နှင့် နေနေရခြင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် စိုးရိမ်ပူပန်မှုများ တစ်စတစ်စ ပိုတိုးလာခြင်းတို့ကြောင့် အိပ်၍ မရခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများကို ခံစားနေရသည်ဟု စစ်ဘေး ရှောင်များ နှင့် ၎င်းတို့ကို အကူအညီပေးသူများက ပြောသည်။