ရိက္ခာယာဉ်တန်း လုံခြုံရေး မိုင်းဆွဲ တိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွင် ရိက္ခာပို့ယာဥ်တန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။

ဇဝဲကျေးရွာအခြေစိုက်၊ ခြေမြန်တပ်ရင်း ခမရ – ၅၅၆ မှ အင်အား ၁၀၀ နီးပါးခန့်ပါသော ခြေလျင်ထွက်လာ သည့် စစ်ကြောင်းက အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီခန့်က ဘန်းလမွတ်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ စစ်ကြောင်းက ရမ်းဖို၊ ကမ်းတိုနှင့် ညောင်ပင်ကုန်းကျေးရွာများ တောက်လျှောက် ကင်းချထားခဲ့ပြီး  နံနက် ၁၁ နာရီခန့်တွင် ဘန်းလမွတ်ကျေးရွာအနီးသို့ အရောက်၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စတင်၍မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရွာသားတစ်ဦးကဆိုသည်။

အသက် ၄၀ ခန့်အရွယ် ဘန်းလမွတ်ရွာသားတစ်ဦးက စစ်ကြောင်းထိုးလာပြီလို့ ကြားတာနဲ့ ရွာရဲ့အနီးမှာ ရှောင်နေတာပါ၊ ပစ်ခတ်ကြပြီးနောက် မိုင်းဆွဲခံရတဲ့ အနားက အိမ်တစ်ဆောင်ထဲကို ဒဏ်ရာရတဲ့ စစ်သား လေးယောက်ကို သယ်သွင်းသွားတာ တွေ့ရတယ်ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း နှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သား လေးဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့က ရိက္ခာယာဥ်တန်းကို လုံခြုံရေးယူပေးဖို့ လမ်းတစ်လျှောက် ကျေးရွာများတွင် ကင်းပုန်း ချရင်း စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် မွန်းလွှဲ ၂ နာရီအချိန်ခန့်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုကို ဖြတ်ပြီး တနင်္သာရီမြို့ဘက်သို့ ဦးတည် မောင်းနှင်လာသည့် စစ်ကောင်စီ ရိက္ခာ ပို့သည့် ကား ၄ စီးကိုလည်း ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဘန်းလမွတ် ကျေးရွာ အနီးတွင် ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကားများ ထိခိုက်မှုမရှိခဲ့ဘဲ တနင်္သာရီမြို့ဘက်သို့ ဆက်လက် မောင်းနှင်သွားကြသည်။

လက်ရှိတွင် ရိက္ခာပို့ယာဥ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းမှာ ဘန်းလမွတ်ကျေးရွာထဲရှိ လူနေအိမ်များထဲတွင် တပ်စွဲထားသည်ဟု ရွာသားများက ပြောသည်။

ဘန်းလမွတ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ မကြာခဏ စစ်ကြောင်းထိုးလေ့ ရှိသောကြောင့် ရွာသားအများစုမှာ စစ်ရှောင်နေကြရသည်။