စက်သုံးဆီ ဈေး ကျလာသော်လည်း ကရင်နီ ဒီးမော့ဆိုရှိ အချို့ဆိုင်များ ဈေးမချ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။ 

စက်သုံးဆီဈေးနှုန်း ပြန်လည် ကျဆင်းလာသော်လည်း ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ဆိုင်အများစုမှာ စျေးနှုန်းမချဘဲ ရောင်းချနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီ ပေးနေသူများနှင့် ဒေသခံများက ပြောသည်။

စက်တင်ဘာလမှ အောက်တိုဘာလ ပထမပတ်အထိ ဓာတ်ဆီ ၁ လီတာ ဈေးနှုန်းမှာ ကျပ် ၆,၀၀၀ မှ ကျပ် ၇,၀၀၀ အထိ မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ဓာတ်ဆီဆိုင် အချို့တွင် ၁ လီတာ ကျပ် ၅,၀၀၀ သို့ ပြန်လည် ကျဆင်းလာသည် ဟု ဒေသခံတစ်ဦးက ပြောသည်။

တစ်ဆိုင်နဲ့ တစ်ဆိုင်က မတူဘူး။ တစ်ချို့က မကျဘူး။ သူက အရင်ဈေးကြီးတဲ့ အချိန် ဝယ်ထားလို့ ထင်တယ်။ ဆိုင်ကြီး ပုံမှန်ကတော့ ၅,၀၀၀ ပါပဲ။” 

ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ,၃၀၀ က အမ မနေ့ညတွေ့တဲ့ ဈေးပေါ့နော။ ပြီးတော့ ဆိုင်ရှင်ကို တစ်ချက် မေးလိုက်တော့ ဓာတ်ဆီဈေးက ကျဖို့ တော့ ရှိတယ်။ သူအဲ့လိုတော့ ပြောပြတယ် ဟု  ပြောသည်။

ယခုအပတ်ထဲတွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ဓာတ်သုံးဆီဆိုင် အချို့တွင် ဓာတ်ဆီ တစ်လီတာ ကျပ် ၅,၀၀၀၊ တစ်ဂါလံလျှင် ကျပ် ၂၀,၀၀၀ နှင့် ဒီဇယ် တစ်လီတာ ၅,၅၀၀ ကျပ် ရှိပြီး တစ်ဂါလံ လျှင် ၂၂,၀၀၀ ကျပ် ပေါက်ဈေး ရှိသည်ဟု ဒေသခံများက ဆိုသည်။

ဓာတ်ဆီဈေး ကျလာသည့်အပေါ် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက် က ယခုကဲသို့ ပြောသည်။

ဘာတွေအကျိုးရှိလဲ ဆိုတော့ တစ်လီတာကို ထောင်ငါးရာ၊ နှစ်ထောင် လျော့သွား လို့ရှိရင်အဲ့ဒီ ထောင့်ငါးရာ၊ နှစ်ထောင်က ကလေးတွေအတွက် မုန့်ဝယ်ကျွေးလို့ ရတယ်။ နောက် ငါးပိလေးတွေ ဝယ်လို့ရတယ်။ ငရုပ်သီး စိမ်း ဝယ်လို့ရတယ်။ ဟင်းချိုမှုန့်လေးတွေ ဝယ်စားလို့ ရတယ်ပေါ့နော်။

ထို့အပြင် ကရင်နီပြည်ထဲတွင် စက်သုံးဆီ အပါအဝင် ကုန်ပစ္စည်းများ ရောင်းချရာတွင်လည်း ဆိုင်တစ်ဆိုင် နှင့် တစ်ဆိုင် စျေးနှုန်းအတူတူ ရောင်းချစေချင်သည်ဟု ဦးဇော်မင်းထိုက်က ဆက်ပြောသည်။

ဈေးရောင်းသူကလည်း အရင်းက ရင်းထားရတယ် ဆိုတော့ သူတို့လည်း ထိုက်သင့် လျောက်ပတ်တဲ့ အမြတ် နှုန်းလေးကို ယူပြီးတော့ သူများ ဥပမာ ၆,၀၀၀ ဆို ၆,၀၀၀ ပေါ့။ သူများ ၅,၀၀၀ ဆို ၅,၀၀၀ဖိုး တ ပြေးညီ ပေါ့နော် ဒီကရင်နီပြည်နယ် တစ်ပြည်နယ်လုံးမှာ ရှိတဲ့ ဆိုင်တိုင်းမှာ အဲ့လို ရောင်းစေချင်တဲ့ ဆန္ဒလေးတော့ ရှိပါ တယ်။” 

ကရင်နီပြည်နယ် အတွင်း တိုက်ပွဲများကြောင့်နှင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် လမ်းများ ပိတ်ဆို့ နေခြင်း၊ တံတားများ ကျိုးပျက်သွားမှုတို့ကြောင့် ကုန်စည် ပစ္စည်းများ စီးဆင်းမှု နည်းပါးခဲ့ပြီး ကုန်ဈေးနှုန်းများ  မြင့်တက်နေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ဒီးမော့ဆို ဈေးကွက်အတွင်း ဆန်၏ ပေါက်ဈေးမှာ ရွှေအပ်ဆန် ၂၁ ကီလိုပါ အိတ်တစ်အိတ် ၈၈,၀၀၀ ကျပ်၊ ရွှေရင်အေးဆန် ၂၁ ကီလိုပါ အိတ်တစ်အိတ် ၈၈,၀၀၀ ကျပ်၊ 502 ဆန် ၂၃ ကီလိုပါ အိတ်တစ်အိတ် ၁၀၀၀၀၀ ကျပ်၊  တရုတ်မွှေးဆန် တစ်အိတ် ၁၀၀,၀၀၀ ကျပ် အထိ ရှိသည်ဟု ဆိုသည်။

ထို့အတူ အခြေခံ စားသောက်ကုန်များဖြစ်သည့် ကြက်ဥတစ်ကဒ် လျှင် ၁၇,၀၀၀ ကျပ်၊  စားဆီ ၉၀ ကျပ်သား ၁၈,၀၀၀ မှ ၁၉,၀၀၀ ကျပ်၊ ဆားတစ်ထုပ် ၆၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၉,၀၀၀ မှ ၁၀,၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ ၁၇,၀၀၀ ကျပ် ဖြစ်သည်။

ငရုတ်သီးခြောက် (ကုလား အော်သီး) တစ်ပိဿာ ၅၅,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၃,၅၀၀ မှ ၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၄,၀၀၀ ကျပ်၊ ကုလားပဲတစ်ပိဿာ ၉,၀၀၀ မှ ၉,၅၀၀ ကျပ် နှင့် ငါးခြောက် သေးတစ်ပိဿာ ၁၇,၀၀၀ ကျပ် အသီးသီး ပေါက်ဈေး ရှိသည်ဟု ဒေသခံများက ပြောသည်။

အထက်ပါ ကုန်စျေးနှုန်းများမှာ ဖက်ဒရယ် FM သတင်းဌာနက ဒေသခံများနှင့် ဒေသတွင်း ကုန်သည်များထံမှ ကောက်ယူထားသည့် စာရင်း ဖြစ်သည်။

ဓါတ်ပုံ – Karenni people voice