လူ ၇၀ ပါ စက်လှေ မြိတ်အနီး တိမ်းမှောက်၊ အများစု ပျောက်ဆုံးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။ 

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် လူဦးရေ ၇၀ နီးပါး လိုက်ပါသော ခရီးသည်တင် စက်လှေတိမ်းမှောက်ပြီး အများစုမှာ ပျောက်ဆုံးနေလျက်ရှိနေသည်ဟု ရွာသားများက ပြော သည်။

့က ကျောက္ကာကျေးရွာမှ အထွက် ချောင်းဝအနီးရှိ (ရှင်ကြီးအိမ်) နတ်စင်အရှေ့နားတွင် အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းက တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ရွာသား အမျိုးသားတစ်ဦးက လှေပေါ်မှာက ခရီးသည်တွေထဲမှာ ကျောင်းသားက အရမ်းများတယ်။ စစ်ဘေး ရှောင်တွေရော ပါတယ်။ ကျောက္ကာရွာအထွက် ချောင်းဝအနားက ရှင်ကြီးအိမ်နားမှာရေဝဲရှိတယ်။ ဝဲဆွဲခံလိုက် ရတာရယ် ဝိတ်များပြီး မနိုင်မနင်းဖြစ်တာကြောင့် မြုပ်သွားတာ၊ ပိုက်တွေနဲ့တားပြီး ရှာနေကြတယ် ဟု ပြော သည်။

နစ်မြုပ်သွားသော လှေမှာ ဦးဝင်းရှီ ဆိုသူ ပိုင်ဆိုင်သည့် ခရီးသည်တင် စက်လှေဖြစ်ပြီး သီတင်းကျွတ် ကျောင်း ပိတ်၍ နေအိမ်များသို့ အလည် ပြန်လည်ရောက်ရှိသူ အများစုနှင့် စစ်ရေးတင်းမာနေသည့် ပလမြို့ အနီးနား ဝန်းကျင်ကျေးရွာများမှ စစ်ဘေးရှောင်သူများ မြိတ်မြို့ဘက်သို့ စီးနင်းကြခြင်းဖြစ်သည်။

ထို့အပြင် စက်လှေအတွင်း၌ ငါးပုံးများလည်း ပါခဲ့ပြီး ကျောက္ကာကျေးရွာမှ ညပိုင်းတွင် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ထွက်ခွာခဲ့ပြီးနောက် ၁၅ မိနစ်အကြာ ချောင်းဝတွင် နစ်မြုပ်သွားခြင်း ဖြစ် သည်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းကို ကျောက္ကာကျေးရွာ တစ်ရွာလုံးနီးပါးနှင့် အနီးအနား ကျေးရွာများမှ လှေပိုင်ရှင်များ၊ မြိတ်မြို့မှ လူမှုကယ်ဆယ်ရေး ပရဟိတ အဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းရှာဖွေခဲ့ကြသည်။

လှေတိမ်းမှောက်သဖြင့် ပျောက်ဆုံးနေသူများထဲမှ ၅ ဦးခန့်ကို အသက်ရှင်လျက် တွေ့ရပြီး လူ ၂၀ ဦးကျော်၏ အလောင်းများကို ပြန်လည်တွေ့ရှိထားသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။

လက်ရှိတွေ့ထားရသည့် အလောင်းများကို ကျောက္ကာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီ ဖြစ်သည်။

စက်လှေ တိမ်းမှောက်သည့် နေရာနှင့် အနီးတွင် စစ်သင်္ဘော တစ်စီးရှိနေသော်လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ လုံးဝ လာရောက် ပါဝင်ကူညီ ဆောင်ရွက်ပေးခြင်းမျိုး မရှိခဲ့ကြောင်း ရွာသားများက ဆိုသည်။

ပုလောမြို့နယ်အတွင်း ပလမြို့အနီး ကြဲကျေးရွာအုပ်စုများတွင် တိုက်ပွဲရက်ရှည် ဖြစ်ပွားနေပြီး ပုလော – မြိတ် ကားလမ်း အသုံးပြုခွင့် မရဖြစ်နေသည့်အတွက် ပိတ်မိနေသည့် ခရီးသွားလာသူများက ရေလမ်းကို အသုံးပြုကာ သွားလာနေကြခြင်းလည်း ဖြစ်သည်။

ကျောက္ကာကျေးရွာသည် ပင်လယ်အတွင်း ရှိသည့် ကျွန်းပေါ်တွင် တည်ရှိပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြင်းထန်နေသည့် မီးလောင်ချောင်းကျေးရွာနှင့် ကြဲကျေးရွာတို့၏ မနီးမဝေးတွင် တည်ရှိသည်။