မြောက်ဦးမြို့ လေကြောင်းမှ ဗုံးကြဲခံရမှုထဲ ကလေးအပါ အရပ်သား ၆ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။

ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဩဂုတ်လ ၁၀ ရက်နေ့၊ မွန်းလွှဲ ၁၂ နာရီကျော် အချိန်ခန့်က မြောက်ဦးမြို့ရှိ လူစည်ကားသည့်နေရာအား စစ်တပ် က လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက အခုကျတဲ့နေရာက မြို့လယ်ခေါင် လမ်းမကြီးမှာပါ။ လေယာဉ်အသံက ကောင်းကောင်း မကြားလိုက်ဘူး၊ ဗုံးကျလာမှ အကျယ်ကြီး ကြားလိုက်ရတာ။ ဂျက်လေယာဉ်နဲ့ လာကြဲသွားတာ။ မြောက်ဦး ဟိုတယ်နားက လမ်းပေါ့၊ မြို့လယ်ခေါင် လမ်းမကြီးပေါ် ကျတာဆို တော့ လမ်းမှာ သွားလာနေတဲ့လူတွေ ထိပြီး သေသွားတာပါ။ ကလေးက ၁၁ နှစ်၊ ၁၂ နှစ်အရွယ် တစ်ယောက်ပါတယ်ဟု ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ ကြဲချလိုက်သည့် ဖျက်အားပြင်းဗုံးတစ်လုံးမှာ အလယ်စျေးရပ်ကွက်ရှိ မြောက်ဦး ဟိုတယ်နှင့် နဝရတ်ဟိုတယ်ကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရပ်မိရပ်ဖတစ်ဦးက ဖြစ်ဖြစ်ချင်းက ဘယ်သူမှ ချက်ချင်းသွားမကြည့်ရဲဘူး။ ပြီးတော့ ပြေးကြည့်ကြတာပေါ့။ သေသွားတဲ့ထဲ ကလေးတစ်ယောက်လည်းပါတယ်။ အမျိုးသမီးလည်း တစ်ယောက်ပါတယ်။ ၂၀ ကျော်အရွယ် သူကတော့။ ကျန်တဲ့လူတွေကတော့ အမျိုးသားတွေကြီးပဲ။ သေသွားတဲ့လူတွေမှာက ကြည့်ရက်စရာ မရှိဘူး။ လေယာဉ်က ကြဲလိုက်တဲ့ ဗုံးကျတဲ့နေရာမှာလည်း ချိုင့်ကြီးဖြစ်သွားတယ် ဟု ပြောသည်။

သေဆုံးသူများထဲတွင် အသက် ၈ နှစ်အရွယ် ကလေး အမျိုးသားငယ်တစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် အခြားသူများမှာ အမျိုးသားများ ဖြစ်ကြပြီး အသက် ၂၅ နှစ်အရွယ်မှ အသက် ၆၀ နှစ်ကြား အရွယ်များ ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာ ရရှိထားသူများမှာ လတ်ရှိတွင် အရေးပေါ် ဆေးကုမှု ခံယူနေရပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဆိုသည်။

စစ်ကောင်စီက ဩဂုတ်လ ၆ ရက်နေ့မှာလည်း မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ အနီးရှိ FDA ရုံးအနီးကို လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်ဒဏ်ရာမှု မရှိခဲ့ဘူးဟု ဆိုသည်။
ဇွန်လ ၄ ရက်နေ့တွင်လည်း မြောက်ဦးမြို့၊ ပေါက်တောပြင်ကျေးရွာနှင့် ဝေသာလီကျေးရွာ ကြားကိုလည်း လေကြောင်းမှ ဗုံးကြဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

မြောက်ဦးမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထား ပြီး စစ်ကောင်စီတပ်သည် မြောက်ဦးမြို့နှင့် အခြားသော ကျေးရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်ဟု ဒေသခံများက ပြောသည်။