ဆားလင်းကြီးတွင် ၁၃ နှစ်အရွယ် ကလေး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။ 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖြစ်စဥ်မှာ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် အနောက်ဖက်ကမ်းက ပေါင်းဝကျေးရွာ၌ ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မုံရွာမှ မြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာချိန် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက ခေါင်းကို တည့်တည့်ဆိုတော့ တစ်ချက်တည်းနဲ့ ပွင့်သွားတာ။ ရေကြောင်း အတိုင်းလာတာ အင်အား ၁၀၀ လောက် အဲ့ကလေးတွေက ဆိတ်ကျောင်းနေတာ ဆိတ်ကျောင်းရင်းနဲ့ လာလို့ ဆိုပြီး ဘုရားကုန်း ပေါ်တက် လိုက်တာ။ အဲ့မှာ ပစ်လိုက်တာ နဖူးတည့်တည့်မှန်သွားတာ ဟု ပြောသည်။

သေဆုံးခဲ့သည့် ကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်ကျော် ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်က ရုပ်အလောင်းကို ပေါင်းဝကျေးရွာအနီးရှိ ချောင်းအတွင်းမျှောခဲ့ရာ ဇူလိုင် ၂၁ ရက်နေ့ ညဥ့်နက်ပိုင်းအချိန်ခန့်တွင် ဒေသခံများက ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါဖြစ်စဥ်တွင် နောက်ထပ် ကလေးငယ်တစ်ဦးလည်း ကျည်ဆန် ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးကုသ မှု ခံယူနေရသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိပြီး ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့၌ ဆားလင်းကြီးမြို့ပေါ်ကို ထွက်ခွာသွားခဲ့ပြီး လက်ရှိတွင် ထိုစစ်ကြောင်းမှာ ဆားလင်းကြီးမြို့ အနီးပတ်ဝန်းကျင် တွင် နေရာယူထားသည်ဟု ဒေသခံများက ပြောသည်။

ဒီနေ့ မနက်တော့ ကင်းလှည့်တာလိုလို ဘာလိုလိုနဲ့ ဆားလင်းမြို့ ပတ်ချာလည်တော့ ထွက်သေးတယ်။ အခုက တော့ မြို့ထဲပြန်ဝင်နေတာပေါ့။ ရွာတွေထဲထိတော့ မထိုးသေးဘူးပေါ့ မြို့ပေါ်ပဲ ရှိသေးတယ်။ ဆားလင်းစခန်း ဘုရားကျောင်းတွေ နေရာတွေ ဖြန့်ထားတာပေါ့ ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါင်းဝကျေးရွာသည် ဆားလင်းကြီးမြို့နှင့် တစ်မိုင်အကွာ၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိ သည့် ကျေးရွာတစ်ရွာ ဖြစ်သည်။


ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီက တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး နေရာတို့ အပါအဝင် အခြား နေရာအချို့ကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ဆင်ရေးများ ပြုလုပ် ခဲ့ကြသေးသည်။

အဆိုပါ စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဘက်က တစ်ဦး သေဆုံးခဲ့ သည်ဟု စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်များဘက်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သားပြည်သူနှင့် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၅,၄၀၅ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန် ထားသည်။