ကျေးရွာ အုပ်ချုပ်ရေးမှူး ကား ခြုံခို တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက်။
လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကား လမ်းခရီးတွင် ခြုံခိုတိုက်ခိုက်ခံခဲ့ရပြီး ကားပေါ်တွင် ပါလာသူအချို့ ကျည်ထိမှန်ကာ ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။
စမ်းလှမ်း – လောင်းလုံးမြို့သွား လမ်းမကြီးပေါ်ရှိ အနောက်ပြင်ဟုခေါ်သည့် နေရာအရောက်တွင် ပစ်ခတ်ခံရ ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အသက်၄၀ခန့်အရွယ် စမ်းလှမ်းရွာသားတစ်ဦးက “အသက်မသေဘူးလို့တော့ သိရတယ်၊ သူက မကြာခဏ လောင်းလုံးကို အတက်အဆင်း သွားလာလေ့ ရှိတယ်” ဟု ပြောသည်။
မေလ ၂၆ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးရဲကလေး ၄၀ နှစ်ဆိုသူနှင့် တပည့်ဖြစ်သူ ကိုအောင်ခင်တို့က ပြန်လှန်ပစ်ခတ်ခဲ့သေးသည်ဟု ရွာ သားတစ်ဦးက ဆိုသည်။
တိုက်ခိုက်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးရဲကလေးမှာ ပျူစောထီးအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး လက်နက်ကိုင် ထား သူ တစ်ဦးလည်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးရဲကလေးဆိုသူမှာ နောက်ကျောဘက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် လူနာတင် ကားဖြင့် ထားဝယ်မြို့ဆေးရုံကြီးသို့ တင်ဆောင်သွားပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြော သည်။
တိုက်ခိုက်ခံရပြီး ၁၅ မိနစ်ခန့် အကြာတွင် စစ်ကောင်စီတပ် ရောက်ရှိလာပြီး တိုက်ခိုက်ခံရသည့်နေရာအနီး တစ်ဝိုက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟုသိရသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အနောက်ပြင် လမ်းပိုင်း အနီးတဝိုက်မှ ရွာသား ၁၁ ဦးကိုလည်း လောင်းလုံး ရဲစခန်း ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် မိသားစုဝင်များ စိတ်ပူစိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ဦးရဲကလေးနှင့်အဖွဲ့ ထားဝယ်မြို့မှ ပြန်လာစဉ် လောင်းလုံး – စမ်းလှမ်းရွာ အကြား လမ်းပိုင်းတနေရာမှာပင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရဖူးသည်ဟု ဒေသခံများက ပြောသည်။