စစ်ကောင်စီက ဒေသခံ တောင်သူ ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်။
ကချင်ပြည်နယ်၊ အင်းတော်ကြီးအိုင် အရှေ့ဖက်ခြမ်းသို့ ရောက်ရှိလာသည့် စစ်ကောင် စီတပ်က ဒေသခံတောင်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကြောင်းမှူး လှိုင်ဘွားအောင်ဦးဆောင်သည့် စစ်ကိုင်းတိုင်း၊ တပ်မ ၃၃ လက်အောက်ခံ၊ တပ်ရင်း ၄၂ က အင် အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်းက ချောင်းဝကျေးရွာအရှေ့ရှိ ကုလားကုန်းကျေးရွာထဲသို့ ရောက်ရှိလာပြီး နောက် ရွာသားများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “လယ်ထဲမှာ နေနေကြတဲ့ လယ်သမားတွေ၊ သူ့လယ် ကိုယ့်လယ်နေနေကြတဲ့ လယ်သမား တွေ ကို ဖမ်းသွားတာ။ ကုလားကုန်းဆိုတာ ဟိုးတုန်းက ကုလားတွေစုပြီး နေသွားတဲ့နေရာ။ ကျနော်တို့ ဦးနေ ဝင်း ခေတ်တုန်းကလေ။ အဲ့လိုရွာနာမည်တွင်းသွားတာပေါ့။ အိမ်ခြေလေ လေး ငါး ရှစ် အိမ်လောက်ပဲ ရှိတာ ပေါ့။ အဲ့နေရာမှာက ရှမ်းနီဌာနေ ပြည်သူ့စစ်ဂိတ်လည်းရှိတယ်ဗျာ” ဟု ပြောသည်။
မတ်လ ၉ ရက်နေ့က ဒေသခံရွာသား ၁၀ ဦးခန့်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံထားရသူများအတွက် စိုးရိမ်နေကြသည့်အပြင် စစ်ကောင်စီတပ်က အင်းတော်ကြီးအိုင် အရှေ့ဘက် တကြော လှုပ်ရှားသွားလာနေသည့်အတွက် ချောင်းဝကျေးရွာအပြင် အနီးအနားရှိ အခြားသော ကျေးရွာများက ဒေသခံများကလည်း စိုးရိမ်ထိတ်လန့်နေကြသည်။
“ဖားကန့်တက်တဲ့ အင်းတော်ကြီးအရှေ့က လမ်းမကြီးမှာ သူတို့က လာ ရောက်ထားတာလေ။ အဲ့နားမှာ လယ် တွေ ရှိတာလေ။ အဲ့လယ်တွေထဲ သူ့လယ်ကိုယ့်လယ်ရောက်နေတဲ့ လယ်သမားတွေ အကုန်လုံးကို ဖမ်းသွားတာ လေ။ ဒီလိုပဲ အခြေအနေကို စောင့်ကြည့်နေရတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် ဦးအောင်ကျော်ဇော၊ ဦးမြင့်ဇော်နှင့် ၎င်း၏ သား၊ ဦးမျိုးမင်းအောင်၏ သားနှင့် အခြား သောသူများ၏ အမည်စာရင်းများကိုမူ အတိအကျ မသိရသေးဘူးဟု ဒေသတွင်း သတင်းအရင်းအမြစ်က ဆို သည်။
မတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှား ဝင်ရောက်လာသည့် အဆိုပါ စစ်ကြောင်းအား ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ လက်အောက်ခံ KPDF အဖွဲ့ကလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည် ဟု အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။
အင်းတော်ကြီးဒေသသည် ရှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ မှီတင်းနေထိုင်လျက်ရှိပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများထဲတွင် ရှမ်းနီတိုင်းရင်းသားက အများစု ဖြစ်သည်ဟု ဒေသခံများက ပြောသည်။