စစ်ကား ၄ စီးကို မိုင်းဆွဲတိုက်၊ အနည်းဆုံး ၁၀ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါ စီးနင်းလာသည့် စစ်ကား ၄ စီးပါ ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက တနင်္လာနေ့ နံနက်က နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက် မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
“ဝုန်း ဝုန်းဆိုပြီး မိုင်းကွဲသံ နှစ်ချက် ရှေ့နောက်ဆင့်ပြီး ပေါက်ကွဲ သံကြားရတယ်။ စာသင်ကျောင်းတွေ ပိတ် လိုက်ရပြီး အနီးအနားက ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးပုန်းကြတာပေါ့။ သိပ်မကြာဘူး ခမောင်းတော ဘက်က လက်နက်ကြီးသံနဲ့ လက်နက်ငယ်သံတွေ ထပ်ကြားရတယ်” ဟု အသက် ၄၀ ခန့်အရွယ် ဒေသခံ တစ် ဦးက ပြောသည်။
မြိတ်ဘက်မှ ထားဝယ်ဘက်သို့ ဦးတည်မောင်းနှင်းလာသည့် စစ်ကောင်စီယာဉ်တန်းမှာ တနင်္လာနေ့၊ နံနက် ၆ နာရီခွဲ အချိန်ခန့်က တပိုကျေးရွာအနီး မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခံရကာ စစ်ကားတစ်စီးမှာ ပျက်စီးသွားပြီး ကျန် ၃ စီး မှာ ပုလောမြို့ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခြင်းဖြစ်သည်။
ထိုသို့ မောင်းပြေးသွားသည့် စစ်ကား ၃ စီးကို နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ခမောင်းတောကျေးရွာ ကျောက်ပုဇွန် တောင်ထိပ် အရောက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ကြိုတင်စောင့်ဆိုင်းကာ လက်နက် ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ပစ်ခတ်ခံရမှုအတွင်း စစ်သား ၁၀ ဦးထက် မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားပြီး စစ်ကား များမှာ ဆက်လက်မောင်းပြေးသွားသည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုကို တောကြီးမြွေဟောက်တပ်ဖွဲ့နှင့် Ghost Ranger အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နန်းထိုက်အောင် စစ်ဆင်ရေး စီမံချက်၏ တစိတ်တပိုင်းဖြစ်သည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး အရိပ် အဖွဲ့ (PSGF) က သတင်းထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူပေါင်းအဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိဘဲ ပြန်လည် ဆုတ်ခွာလာ နိုင်ခဲ့သည်ဟုလည်း ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။