ပုသိမ်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၃၂၀ ကျော်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
ပုသိမ် အကျဉ်းထောင်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်း သား အယောက် ၃၂၀ ကျော် ရှိသည်။
နိုင်ငံရေးပုဒ်မ အမျိုးမျိုးဖြင့် အဖမ်းခံရသူများသည် အမျိုးသား ၂၉၀ ဦး၊ အမျိုးသမီး ၃၀ ဦး တို့ဖြစ်ပြီး အများစုက လူငယ်လူလတ်များ ဖြစ်ကာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁ ဦးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ၃ ဦး တို့ ပါဝင်သည်ဟု ပုသိမ် အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ထို့အပြင် အမျိုးသား သတင်းထောက် ၂ ဦး၊ အမျိုးသမီး သတင်းထောက် ၁ ဦး နှင့် ဝါသနာအရ သတင်းဓာတ်ပုံ ရိုက်ကူးသူ ၁ ဦး တို့လည်းပါဝင်သည်။
“နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ ပုဒ်မတွေတပ်ပြီး ဖမ်းထားတာပါ။ ကျုံပျော်ဘက်က ထောင်ဒဏ် အမိန့်ချခံရသူ ၃ ဦး လည်းပါတယ်။ တိုင်းစစ်ဌာနချူပ် စစ်ကြောရေးစခန်းနဲ့ ရဲစခန်း အသီးသီးမှာ ဖမ်းထားတဲ့သူတွေ မပါဘူး” ဟု နိုင်ငံရေး အကျဉ်းသားများအား အကူအညီပေးနေသူတစ်ဦး က ပြောသည်။
အဖမ်းခံရသူ အများစုကို PDF၊ CRPH၊ NUG နှင့် ပါတ်သက် ဆက်နွယ်သည်ဟု ဆိုကာ သံသယဖြင့် ဖမ်းဆီးထား ကာ ပုဒ်မ အမျိုးမျိုးတပ် အကျဉ်းချထားပြီး၊ CDM ဝန်ထမ်းများ နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အချို့လည်း ပုသိမ်ထောင်တွင် အကျဉ်းချခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးနေသူက ဆက်ပြောသည်။
ဧရာဝတီတိုင်း အတွင်းရှိ အကျဉ်းထောင် ၅ ခု၊ တိုင်းစစ်ဌာနချုပ် စစ်ကြောရေးစခန်းနှင့် မြို့ပေါင်း ၃၃ မြို့ရှိ ရဲ အချုပ်ခန်းများတွင် နိုင်ငံရေး ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီး အကျဉ်းချခံထားရသူ အများအပြားရှိနေသည်ဟု လည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ CDM ဝန်ထမ်းတစ်ဦး က ပြောသည်။
“အဖမ်းခံထားရတဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေတော့ ဧရာဝတီတိုင်းက ထောင်တွေထဲမှာ မရှိဘူး” ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ CDM ဝန်ထမ်းက ဆက်ပြောသည်။
တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များကို ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ မှ စတင် ကာ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးဘူးဟု ဧရာဝတီ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှား သူများအဖွဲ့ထံမှ သိရသည်။
နိုင်ငံရေး အကျဉ်းသားဆိုသည်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် သော်လည်းကောင်း၊ နိုင်ငံရေး ယုံကြည်ချက် ကြောင့် သော်လည်းကောင်း၊ နိုင်ငံရေး ပုဒ်မတခုခုနှင့် သော်လည်းကောင်း၊ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မတရား သဖြင့် ရာဇဝတ်ပုဒ်မများဖြင့် စွပ်စွဲဖမ်းဆီးခံရပြီး အကျဉ်းကျခံနေရသူ၊ နိုင်ငံရေးလှုပ်ရှားသူများကို ဆိုလိုခြင်း ဖြစ်သည်။