တရုတ်ပြန် အလုပ်သမား တသောင်းကျော်ကို သီးခြားခွဲ စောင့်ကြည့်သွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်။
တရုတ်-မြန်မာ နယ်စပ်ဂိတ် လွယ်ဂျယ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာမည့် ရွေ့ပြောင်းအလုပ်သမား တစ်သောင်းကျော်ကို သက်ဆိုင်ရာ နေရပ်သို့ ပို့ဆောင်ကာ သီးခြားခွဲ (quarantine) ထားကာ စောင့်ကြည့်သွားမည်ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်း က ပြောသည်။
“ပြန်လာတဲ့သူတွေကို သူတို့မြို့ကို သူတို့ တခါတည်းပို့မယ်။ ပြီးတော့ သူတို့မြို့မှာ quarantine တခါထဲ နေရမယ်။ ၂၁ ရက် facilities quarantine ၂၁ ရက်နေရမယ်။ home quarantine က ၇ ရက်နေရမယ်။ အဲဒီအတိုင်းပေါ့ အကုန်လုံးနေရမှာပေါ့”ဟု ပြောသည်။
ကချင်ပြည်နယ် မှ မဟုတ်သည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်တော်ပြန်လာသည့် ရွေ့ပြောင်းအ လုပ်သမားများနှင့် ပတ်သက်၍ ဦးနေဝင်းက ယခုကဲ့သို့ ဆက်ပြောသည်။
“ကျနော်တို့က ဒီမှာ ၂၁ ရက် quarantine ကျနော်တို့ ထားမယ်။ နယ်စပ်မှာ ထားပြီးရင် သူတို့ကို ဥပမာ စစ်ကိုင်း၊ မန္တလေးပေါ့လေ ကျနော်တို့ အကြောင်းကြားမယ်။ အကြောင်းကြားပြီးတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေက သူတို့လာပြီးတော့ သူတို့ လူကို လာခေါ်ရမှာပေါ့။”
ဧပြီလ ၁၆ ရက်နေ့တွင် လွယ်ဂျယ်မှ မြစ်ကြီးနားသို့ ရွှေ့ပြောင်းအလုပ်သမား ၁၂၆ ယောက် ရောက်ရှိ လာပြီး အဆိုပါရေ့ွှပြောင်းအလုပ်သမားများကို ၎င်းတို့နေရပ်သို့ ဆက်လက်ပို့ဆောင် ပေးသွား မည်ဟု ပြည်တော်ပြန်များအား ကြိုဆိုနေရာချပေးသည့် တာဝန်ရှိသူများကပြောသည်။
တာဝန်ရှိသူတစ်ဦးက “စုစုပေါင်း ဒီနေ့ ၁၂၆ ထွက်လာတယ်။ မြစ်ကြီးနား ၈ ယောက်၊ မိုးကောင်း ၄၆ ယောက်၊ ဟိုပင် ၄၄၊ မိုးညှင်း ၁၈၊ ဝိုင်းမော် ၃ ယောက်၊ ကာမိုင်း ၁ ယောက်၊ ဖားကန့် ၆ ယောက်၊ ၁၂၆ ယောက် အဲဒါတွေကို ကျနော်တို့က မိုးကောင်း မိုးညှင်းကို ညတွင်းချင်း ပို့ မယ်။ ၆၄ ယောက် ကို ညတွင်းချင်းပို့မယ်။ မြစ်ကြီးနား ၈ ယောက်ကိုတော့ သားဖွားသင်တန်းကျောင်းကို တစ်ခါတည်းပို့မယ်။ ကားမိုင်းနဲ့ ဖားကန့်ကိုတော့ ညမိုးချုပ်တာ ဖြစ်တဲ့အတွက် ကျနော်တို့က အံတော်ရှင်မှာ အိပ်ခိုင်းမယ် အိပ်ပြီး ကျနော်တို့က ဖားကန့်ကို ကားတစ်စီးနဲ့ ပို့မယ်” ဟု ပြောသည်။
ပြန်လည်ရောက်ရှိလာကြမည့် ရွေ့ပြောင်းအလုပ်သမားများကို မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန် ချစခန်းတွင် ခေတ္တအနားယူစေပြီး ထိုမှတစ်ဆင့် သက်ဆိုင်ရာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ဆက်လက် ပို့ ဆောင်ပေးသွားမည် ဟု သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျန်ဟောင်မြို့တွင် ကြံခုတ်သည့် အလုပ်ကို သွားရောက်လုပ်ကိုင်သည့် ဟိုပင်မှ မအေးအေးမော်က မြန်မာပြည်သို့ ပြန်လာရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ယခုလိုပြောသည်။
“ကြံံခုတ်တာ အလုပ်ပြီးလို့ ပြန်လာတာမျိုးတော့ မဟုတ်ဘူးရှင့်။ အလုပ်ကလည်း မပြီးသေးဘူး။ ပြီးတော့ ပြန် ချင်တာလည်း ဖြစ်တယ်။ ကိုယ့်မြန်မာနိုင်ငံမှာလည်း ဒီရောဂါက ဖြစ်နေပြီဆိုတော့လေ အဲဆိုတော့ ပြန်ချင်တာ လည်း ဖြစ်တဲ့အခါကျတော့ လောပန်းနဲ့ အတိုက်အခံလုပ်ပြီးတော့ ပြန်ခဲ့တာပေါ့နော်။ ရောဂါက ဟိုဖက်မှာ လည်း ဖြစ်နေတယ်။ ဒီဖက်မှာလည်း ဖြစ်နေတယ်။ ဖြစ်မှဖြစ် ကိုယ့်မိသားစုနားမှာပဲ ဖြစ်ချင်တယ်ပေါ့နော်။ ကိုယ့်မိသားစုနဲ့ မထိ တွေ့ရဘူးဆိုပေမယ့်လည်း အနီးအနားမှာရှိတော့ ကိုယ်က အားရှိတာပေါ့။”
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ရွေ့ပြောင်းအလုပ်သမား တစ်သောင်းရှစ်ထောင် ဝန်းကျင်ခန့်ရှိသည် ဟု တာဝန်ရှိသူများက ဆိုသည်။
ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် နေရပ်ပြန်မည်ဟု ပြောဆိုလာသည့်အတွက် သက်ဆိုင်ရာ နှစ်ဖက် တာဝန်ရှိသူများက ချိတ်ဆက်ကာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က ပြောသည်။
“ကျနော်တို့က တစ်သောင်းခွဲ လောက်မှန်းထားတယ်။ အဲမှာ ပြည်မဖက်က ကျနော်တို့က ရှစ်ထောင်လောက်ရှိ တယ်။ ဗန်းမော်ခရိုင်ဖက်မှာ လေးထောင်လောက်ရှိတယ်။ မြစ်ကြီးနားခရိုင်ထဲမှာ သုံးထောင်လောက်ရှိတယ် သိရတယ်။ အဲဒါစာရင်းအရပေါ့။ အဲဒါ ကျနော်တို့က သက်ဆိုင်ရာ အစိုးရအဖွဲ့ချင်းချိတ်ပြီးတော့ ကျနော်တို့က ဗန်းမော်အထိကို လာခေါ်နိုင်ဖို့လည်း ကျနော်တို့ အစိုးရအဖွဲ့က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဗန်းမော် ခရိုင် က လူက ဗန်းမော်ကပဲ ခွဲမှာဖြစ်ပါတယ်။ မိုးညှင်းဆိုရင်လည်း နောက်ပိုင်းဆို ဗန်းမော်နဲ့ နီးရင် ဗန်းမော်က သွား မှာပေါ့။ အဓိကက မြစ်ကြီးနားဖက်ကတော့ မြစ်ကြီးနားခရိုင်မှာ ရှိတဲ့ မြို့နယ်လောက်ကပဲ သွားပြီးတော့ သူတို့ သယ် လာမှာဖြစ်ပါတယ်။”
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ်မှ ပြန်လာသည့် ဗန်းမော်ခရိုင်မှ ပြည်တော်ပြန် ရွေ့ပြောင်းအလုပ် သမား များကို မြစ်ကြီးနားသို့ ခေါ်ဆောင်ခြင်း မပြုတော့ပဲ ဗန်းမော်ခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်သွား မည်ဟု ဆိုသည်။
မြစ်ကြီးနားမြို့နယ်တွင် တရုတ်မှ ပြန်လာသည့် ရွေ့ပြောင်းအလုပ်သမားများကို သီးခြားခွဲ (quarantine) ထားမည့် နေရာ များမှာ သားဖွားကျောင်း၊ သူနာပြုကျောင်း၊ မြစ်ကြီးနားတက္ကသိုလ်၊ ပညာရေးကောလိပ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွွံ့ဖြိုးရေး သင်တန်းကျောင်း (နတလ သင်တန်းကျောင်း) စသည့် နေရာ ၆ နေရာ စီစဉ်ထားပြီး အဆိုပါနေရာများတွင် လူဦးရေ တစ်ထောင်ခန့်ထားရှိ နိုင်ရန် မျှော်မှန်းထားသည် ဟု ဦးသန်းဝင်း က ပြောသည်။